Saturday, October 4, 2008

တိုင်းမှူးသောင်းအေး စစ်တွေတွင် ပေါ်ပေါက်သော ဆန္ဒပြပွဲများ အပေါ် အပြစ်မမြင်
10/4/2008
ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် အသစ်ရောက်ရှိလာသူ ဗိုလ်ချုပ်သောင်းအေးသည် စစ်တွေတွင် ပေါ်ပေါက်နေသော ဆန္ဒပြပွဲများ အပေါ် အပြစ်မြင်သည့် သဘောမရှိကြောင်း စစ်တွေကနိုင်ငံရေးလေ့လာ အကဲခတ်သူတဦးက ပြောသည်။
သူက “ကျနော်တို့ မြို့မိမြို့ဖတွေကို လွန်ခဲ့တဲ့လ ၂၉ ရက်နေ့က ဦးဥတ္တမခန်းမမှာ အစည်းအဝေးလုပ်ပါတယ်။ အဓိကတော့ စစ်တွေမှာ ရေရရှိရေးမီးရရှိရေး ကိစ္စ တွေကို တိုင်းမှူးကဆွေးနွေးတာပါ။ ဒါပေမယ့်လည်း အရင်တိုင်းမှူးတွေလို အစည်းအဝေး လုပ်တိုင်း ဆန္ဒပြပွဲတွေလုပ်ရင် ဖမ်းမယ်ဆီးမယ်။ ဖြိုခွင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တာမရှိဘူး။ သူက စစ်တွေအခြေအနေကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ဘဲ ပြောပါ တယ်။”ဟု ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် ကြိုးပမ်းမှုမှာ လွန်ခဲ့သော ၂ လအတွင်း အနည်းဆုံး လေးကြိမ်ခန့်ရှိခဲ့ပြီး စက်တင်္ဘာလ ၂၇ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြနိုင်ခဲ့သည်။
အလားတူ စက်တင်္ဘာလ ၂၈ ရက်နေ့ကလည်း နည်းပညာကော လိပ်မှ ကျောင်းသားများအနေဖြင့် ကျောင်းကား မစီစဉ်ပေးမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ၁၁ မိုင်ခန့်ခရီးကို ခြေလျင်လျောက်ကာ ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ကြီးမားသော လှုပ်ရှားမှု (၂) ကြိမ်တိုင်တိုင် ပေါ်ပေါက် ခဲ့သော်လည်း ရဟန်းတော်တပါးအား ခေတ္တထိန်းသိမ်းမေးမြန်းရုံမှအပ အဖမ်းအဆီးများ မရှိခဲ့ကြောင်း သိရှိရသည်။
“ရခိုင်အမျိုးသားတွေ ဘာကြောင့် စစ်အစိုးရအပေါ် မကျေနပ်မှု တိုးပွားနေရသလဲဆိုတာကို အာဏာရှိအထက်လူကြီးတွေ သိပါတယ်။ စစ်တွေမြို့ပေါ်မှာ လမ်းတ လမ်းမှ အကောင်းမရှိဘူး။ သာမန်လမ်းတွေကိုထား မြို့ထဲက အဓိကကျတဲ့ မင်းဗာင်္ကြီးလမ်းဆိုရင် ကတ္တရာစေးတောင်မရှိဘူး။ နေရာတိုင်း ချိုင့်ခွက်ကြီးတွေနဲ့ သွားလာလို့မရအောင် ဖြစ်နေတယ်။ ပြုပြင်တာမရှိဘူး။ ရေပုံမှန်မလာဘူး။ မီးက တနေ့ ၂ နာရီသာရတယ်။ ဗမာပြည်က မြို့တွေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့တွေ အပုံတရာကွာပါတယ်။” ဟု သူကပြောသည်။
ယခုကဲ့သို့ အစစအရာရာ ဖိနှိပ်ခံနေရသော ရခိုင်ပြည်သူများ အနေဖြင့် နအဖစစ်အစိုးရ အပေါ်ဆန့်ကျင်လိုစိတ် ပြင်းပြနေခြင်းမှာ အပြစ်တခုအဖြစ် တိုင်းမှူး သောင်းအေးက သဘောထားပုံမရဟု အဆိုပါ နိုင်ငံရေးလေ့လာ အကဲခတ်သူက ပြောကြားသည်။

No comments: